သေလွန်ပြီးသောအခါ

ကပိလ၀တ်ပြည်၊ နိဂြောဓာရုံ ကျောင်းတော်၌ ဗုဒ္ဓမြတ်စွာသီတင်းသုံးနေစဉ်အခါ ဖြစ်၏။ ထိုအခါ၌ မဟာနာမ် သာကီဝင်မင်းသည် ဗုဒ္ဓထံသို့ ရောက်လာချဉ်းကပ်ကာ ဤသို့ရှောက်ထားလေ၏။
" အရှင်ဘုရား- ဤကပိလ၀တ်ပြည်သည် လူဦးရေ ထူထပ်ပေါများ၍ စည်ကားလှပါ၏။ လမ်းတို လမ်းရှည်နှင့် ဈေးအိမ်တို့လည်း များပြားလှပါ၏။ အရှင်ဘုရား- တပည့်တော်သည် မြတ်စွာဘုရားကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်းအချိန်၌ ကပိလ၀တ်သို့ ၀င်သည်ရှိသော် ပြေးသွားနေသောဆင်နှင့်လည်း တွေ့ဆုံရပါ၏၊ မြင်း-ရထား-လှည်းတို့နှင့်လည်း တွေ့ဆုံရပါ၏၊ အရှင်ဘုရား-ထိုအခါမျိုး၌ တပည့်တော်အား မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း၊ တရားတော်-သံဃာတော်တို့ကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း အရှင်ဘုရား- ထိုအခါငါသည် ဤအချိန်၌ သေရမူ ဘယ်ဘ၀သို့လားရောက်ရပါမည်နည်း ဟုတွေးတောမိပါသည်ဘုရား " ဟုလျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားက " မဟာနာမ်-သင်မကြောက်ပါနှင့်၊ မစိုးရိမ်ပါနှင့်၊ သင့်အား မယုတ်ညံ့သော သေခြင်းဖြစ်လတ္တံ့"
" မဟာနာမ်-အကြင်သူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ယုံကြည်မူသဒ္ဓါဖြင့် ထုံအပ်သော စိတ် ဆောက်တည်မူ သီလ၊ အကြားအမြင် သုတ၊ စွန့်ကြဲမူ စာဂ၊ အသိဥာဏ် ပညာတို့ဖြင့်ထုံအပ်သောစိတ် ရှိသူဖြစ်၏၊ ထိုသူ၏ ခန္ဓာရုပ်သည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ ထမင်း-မုန့်စသော အစာ အာဟာရတို့ဖြင့် ကြီးပွားရ၏၊ ပြုပြင်ထိန်းမတ်ပေးရခြင်း သဘောရှိ၏၊ မတည်မြဲခြင်း၊ ပြိုကွဲပျက်စီးခြင်း သဘောရှိ၏"
" ထိုခန္ဓာကိုယ်ရုပ်ကို ကျီးငှတ်တို့လည်း ထိုးဆိတ်ကုန်၏၊ တောခွေး၊ အိမ်ခွေးနှင့် ပိုးလောက်တို့လည်း ခဲစားကြကုန်၏၊ သို့သော် မဟာနာမ်- ထိုသူ၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံအပ်သောစိတ်သည်ကား အထက်သို့သာ တက်လေ့ရှိပေ၏၊ ထူးခြားစွာ သွားလေ့ရှိပေ၏၊"
" မဟာနာမ်- ဥပမာအားဖြင့်ကား ထောပတ်အိုးကို ရေအိုင်ထဲ၌ ရိုက်ခွဲလိုက်သောအခါ အိုးခြမ်းကွဲတို့သည် ရေအောက်သို့ကျရောက်၍ ထောပတ်တို့သည် ရေပေါ်သို့ တက်ရောက်ကုန်သကဲ့သို့တည်း။"
" မဟာနာမ်- အရှေ့အရပ်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်ကို အရင်းမှ ဖြတ်ပိုင်းသော် ထိုသစ်ပင်သည် အဘယ်အရပ်သို့လဲကျပေမည်နည်း၊ မဟာနာမ်-ထိုသစ်ပင်သည် အရှေ့အရပ်သို့သာလျှင် လဲကျမည် မဟုတ်လား။"
" မဟာနာမ်- ထိုဥပမာအတိုင်းပင်တည်း၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်သော သူတော်ကောင်းတရားနှင့် ပြည့်စုံ ထုံမွမ်းပြီးသူသည် နိဗ္ဗာန်သို့ ရှေ့ရှု ကိုင်းညွတ်သည်သာဖြစ်၏၊ ထို့ကြောင့် မဟာနာမ်- စိုးရိမ်ကြောငြ့်ကမဖြစ်ပါနှင့်၊ သင်၏သေခြင်းသည် ကောင်းသောသေခြင်း ဖြစ်လတ္တံ့၊ သင်၏ လားရာဂတိသည် မယုတ်ညံ့သော ဂတိ ဖြစ်လတ္တံ့" ဟု မိန့်ကြားတော်မူ၏။
(စာရေးသူ=လေးမြိုင် စာအုပ်အမည်=ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ)

ဒါန၏ မျက်မှောက်အကျိုး

ဝေသာလီပြည်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မြတ်စွာဘုရား၊ ပေးလှူခြင်းတည်းဟူသော ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်ပါမည်လားဘုရား။

ဤသို့မေးလျှောက်သောအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။
သီဟ၊ ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်၏။

(၁) ပေးလှူသောသူသည် လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။
(၂) ပေးလှူသောသူကို သူတော်ကောင်းများ ဆည်းကပ်ကြ၏။
(၃) ပေးလှူသောသူသည် ကောင်းသောဂုဏ်သတင်း ကျော်စောခြင်းရှိ၏။
(၄) ပေးလှူသောသူသည် မည်သည့်ပရိသတ်သို့မဆို ၀င်ရောက်လျှင် ရဲဝံ့ရွှင်ပျစွာ ၀င်ရောက်၏။
(၅) ပေးလှူသောသူသည် သေလွန်သောအခါ နတ်ရွာသုဂတိသို့ လားရ၏။-ဟု မိန့်တော်မူလေသည်။

ဒဂုန်ဦးထွန်းမြင့်

မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ

(၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။

(၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။

(၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။

(၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။

(၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် (ပိုင်းလော့ဆရာတော်)

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-

ဘ၀ချမ်းသာရေးလမ်းစဉ်


အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ
ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။

၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
http://mingun.us/frontpageမင်းကွန်းတိပိဋက မှ ကူးယူဖော်ပြပူဇော်ထားပါသည်။

ကုသိုလ် အကုသိုလ်တို့အကျိုးပေးရာ၌ စည်းစနစ်ရှိပုံ

ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ၌ စည်းစနစ် ရှိပုံကို...မလ္လိကာမိဖုရား မေးလျှောက်၍ ဗုဒ္ဓမြတ်စွာ ဖြေတော်မူခဲ့ပါတယ်။

အမေး(၁)။
မြတ်စွာဘုရား...ဤလောက၌ တချို့မိန်းမသည် ရုပ်လည်းမချော..ဥစ္စာလည်းမပေါ...သြဇာ အာဏာလည်း မရှိပါ။ ဤသို့ သုံးမျိုးလုံး မကောင်းခြင်း၏ အကြောင်းအရင်းကား အဘယ်ပါနည်း... မေးလျောက်ခဲ့ပါတယ်။

မြတ်စွာဘုရာ
က မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁) ဒေါသကြီး၏...သူများက နည်းနည်းပါးပါး မခံချင်စရာ ပြောလျှင် သူက စိတ်ဆိုး၍ မပြီးနိုင်အောင် ဖြစ်သည်။ နေရာတိုင်းမှာ မနှစ်သက် မကျေနပ်သော အမူအရာကို ပြတတ်၏။
(၂) စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းမရှိ။
(၃) ကိုယ်ထက်သာလျှင် မနာလိုတတ်သော (ဣဿာ)စိတ်ရှိ၏။ထိုမိန်းမသည် နောက်ဘ၀၌ ဒေါသကြီးသောကြောင့် ရုပ်ဆိုး၏။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မရှိသောကြောင့် ဥစ္စာပစ္စည်းမွဲ ၍ ဆင်းရဲရ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သောကြောင့် သြဇာအာဏာနည်း သူဖြစ်ရလေသည်။

အမေး(၂)။
မြတ်စွာဘုရား....ဤလောက၌ တချို့မိန်းမသည် ရုပ်မချောပါ၊ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာရှိပါသည်။ ဤသို့ တစ်မျိုးမကောင်း၍ နှစ်မျိုးကောင်းခြင်း ၏ အကြောင်းရင်းကာ အဘယ်ပါနည်း...ဟု မေးလျောက်ပြန်ပါတယ်။

မြတ်စွာဘုရားက
မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁) ဒေါသကြီး၏။
(၂) စွန်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။
(၃) ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ အရုပ်ဆိုး၏ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာကား ရှိလေသည်။

အမေး(၃)။
မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏။ သို့သော် စည်းစိမ်ဥစ္စာလည်း မရှိ၊ သြဇာအာဏာလည်း မရှိပါ၊ ဤသို့ တစ်မျိုးကောင်း ၍ နှစ်မျိုး မကောင်းခြင်း၏ အကြောင်း အရင်းကာ အဘယ်နည်း ...ဟုမေးလျောက်လေတယ်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
ဒေါသမကြီးတတ်၊ သို့သော် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်းရှိ၏။ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော်၏။ သို့သော် ပစ္စည်း ဥစ္စာမွဲ၍ ဆင်းရဲသည့်အပြင် သြဇာအာဏာလည်း မရှိတတ်ချေ။

အမေး(၄)။
မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏ ဥစ္စာလည်းပေါပါ၏ သြဇာ အာဏာလည်း ရှိပါ၏၊ ဤသို့ သုံးမျိုးလုံး ကောင်းခြင်း၏ အကြောင်းကား အဘယ်ပါနည်း ဟု မေးလျောက်လေသည်။

မြတ်စွာဘုရားက
မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသလည်း မကြီး..စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ လည်းရှိ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သော စိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော ဥစ္စာပေါ၍ သြဇာ အာဏာရှိသူ ဖြစ်နိုင်လေသည်။

ထိုတရားတော်ကို ကြားနာရသော မလ္လိကာ မိဖုရားသည် ယနေ့မှစပြီး ဒေါသမကြီးသူ၊ စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ရှိသူ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ် မရှိသူ ဖြစ်ပါတော့မည်ဟု လျောက်ထားလေသည်။

ဒေါသကြီးသူဟာ ဒီဘ၀မှာပဲ ဒေါသဖြစ်တုန်း အရုပ်ဆိုးနေသလို နောက်ဘ၀မှာလည်း အရုပ်ဆိုးတော့တာပဲ၊ ဒေါသ မကြီးတဲ့သူကတော့ ဒီဘ၀မှာ အမြဲ စိတ်ကြည်လင်နေ သလို နောက်ဘ၀မှာလည်း ရုပ်အဆင်းပါ ကြည်လင် လှပနေမယ်။မပေးမကမ်း မလှူဒါန်းသူ ဟာလည်း ယခုဘ၀မှာ နှမြောနေတဲ့အတွက် နောက်ဘ၀မှာ နှမြောစရာ မရှိအောင်ကို မွဲတော့မှာပါ။ပေးကမ်းစွန့်ကြဲသူကတော့ နောက်ဘ၀မှာ ပေးလို့မကုန်အောင်ကို ပေါတော့မှာပါ။ ကိုယ်ထက်သာသူ ကို မနာလိုတတ်သူများက တော့ နောက်ဘ၀မှာ သြဇာအာဏာ မရှိတော့ပဲ သူ့စကားကို ဘယ်သူမှ နာလိုသူမရှိတော့ဘူး။ မနာလိုစိတ် မရှိသူကတော့ နောက်ဘ၀မှာ သူ့စကားကို အားလုံးက နာလိုကြလို့ သြဇာအာဏာပြည့်ဝနိုင်တယ်လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ပါတယ်။
ညခင်း ဘလော့မှ ကူးယူဖော်ပြလိုက်ပါသည်။

ရခဲခြင်းတရားငါးပါး


လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို မြတ်ဗုဒ္ဓဟောကြားထားသည်မှာ
ဘုရားရှင်ပွင့်တော်မူသောအခါကိုရခဲခြင်း၊
လူဘ၀ကိုရခဲခြင်း၊
သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊
ရဟန်းဘ၀ကိုရခဲခြင်း၊
သူတော်ကောင်းတရားကြားနာရခဲခြင်းတို့ဖြစ်ပေသည်။

လူ့ဘ၀ရခဲပုံကို... မတ်စွာဘုရားကချစ်သားချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က ပထ၀ီမြေကြီး ဘယ်ဟာက များသနည်း။အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင်များပြားလှပါသည်ဘုရားချစ်သား ချစ်သမီးတို့ ဟောဒီ ဥပမာအတိုင်းပဲ၊ လူ့ဘ၀က နေသေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲရှိတယ်၊ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ် ဟူ၍ဖြစ်ပါသည်။
လူဘ၀ရဖို့ခဲယဉ်းပုံနှင့်ပတ်သက်ပြီး ထပ်မံ ဥပမာ ပြဟောကြားတော်မူခဲ့ရာ...ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာ ဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ထမ်းပိုးကလည်း လေတိုက်ရာ အရပ်လေးမျက်နှာ မျောချင်ရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်လို့ေ၇ပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်။ အရပ်လေးမျက်နှာမျောချင်ရာမျော နေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့ တည့်တည့်နေရာ ရောက်နေရမယ်။
ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့် မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာ လွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သားချစ်သမီးတို့...ထိုသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရားချစ်သားချစ်သမီးတို့ အပါယ်လေးဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့ဟူ၍ ဟောကြားတော်မူခဲပါသည်။
ဤဟောကြားချက် ၃ခုကို ပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။
ညခင်း ဘလော့မှ တဆင့်ကူးယူဖော်ပြလိုက်ပါသည်။

ဂတိနမိတ်

ဂတိနိမိတ်ဆိုသည်မှာ လူတစ်ဥိးတစ်ယောက် သေဆုံးခါနီးအချိန် (သို့မဟုတ်) ဘ၀နိဂုံး အဆုံးရောက်ရန် နောက်ဆုံး ထွက်သက်အချိန် ရောက်နေသောအခါ မိမိ၏ ယခုဘ၀မှ ရှေ့ဘ၀သစ် တစ်ခုသို့ ကူးပြောင်းလာရန် ရောက်ရန်ဖြစ်သော ဘ၀သစ်က အဆင်းရှုပါရုံကို ခေါ်သည်။
သေခါနီးတွင်ရှေ့ဘ၀သစ်သို့ မိမိဧကန် ရောက်တော့မည် အဆင့်ကို ကြိုတင်နိမိတ်အဖြစ် မြင်တွေ့ရခြင်းကို ဂတိနမိတ်ဟုခေါ်သည်။
လျင်လျင်မြန်မြန် သေသူတို့အားလည်း ဂတိနိမိတ်ထင်ရသည်။ ဆောက်ရိုးထိပ်၌ နားနေသော ယင်ကောင်ကို လက်ဖြင့် ရိုက်မိ၍ သေသောအခါမျိုး၌ပင်လည်း နိမိတ်သုံးပါးထင်လျက် သေရသည်ဟု ပဋိစ္စသမုပ္ပါဒ် ၀ိဘင်အဌကထာ၌ပြဆိုထားသည်။
မည်မျှပင် သေးငယ်သော သတ္တ၀ါဖြစ်ပြီးမည်မျှပင် လျင်မြန်သော သေခြင်းဖြစ်စေကာမူ ဂတိနမိတ် မထင်ဘဲ သေရခြင်းမရှိ။
မသေမီက ပြုအပ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ထိုသေခါနီး သူ၏ စိတ်အစဉ်ကို အတင်းဝင်၍ ဆွဲငင်ကိုင်းညွတ်စေသဖြင့် ညနေအချိန်၌ တောင်ထွတ်ကြီးတို့၏ အရိပ်ကဲ့သို့ အလွန်သေခြင်း နီးသောသူ၏ စိတ်၌ အိပ်မက်ထဲမှာကဲ့သို့ အကျိုးပေးခွင့်ရသော ကုသိုလ်ကံ၊ အကုသိုလ်ကံနှစ်ပါးတို့တွင့် တစ်းပါးပါးသော ကံသည်လည်းကောင်း၊ ထိုကံပြုစဉ်က အမှတ် နိမိတ်ဟူသော ကမ္မနိမိတ်သည် ၄င်း၊ ထိုကံနှင့် လျော်စွာ လားရ ရောက်ရမည့် ဂတိနိမိတ်သည်၎င်း အမြဲထင်ကြရသည်။ ထင်ပြီးမှ သေကြရသည်။
ငရဲအိုး၊ ငရဲမီးလျှံ၊ ငရဲသူ ငရဲသားတို့ကိုမြင်၍ ထင်၍ သေလျင် ငရဲသို့ လားမည့်သူ ဖြစ်ကြောင်းသိရပါသည်။
အနီရောင် သက္ကလပ်ပိတ်စ ဖုံးအုပ်၍လာသော လှည်းယာဉ်နှင့်တူသော အမိဝမ်းရေကို မြင်၍သေမူ လူ့ပြည်သို့ လာ၍ ဖြစ်တတ်သည်။
နတ်ပြည်၌ဖြစ် လတ္တံသော သူအား ပဒေသာပင် နတ် ဗိမာန် နတ်တို့အိပ်ရာ နေရာ၊ နတ်သား နတ်သမီးတို့ကို မြင်၍ သေရသည်။
တောခြေရင်၊ တောအုပ်၊ ခြောက်ကမ်း ပါးပြတ်စသည်တို့ကို ထင်ရမြင်ရမူ တိရိစ္ဆာန်ဂတိ၌ ဖြစ်တတ်သည်။မှောင်မှောင်မည်းမည်း အဆင်းရှိသော အမိုက်အမှောင်တိုက်ကြီးကို ထင်မြင်၍ သေမူ ပြိတ္တာဘုံ၌ ဖြစ်တတ်သည်။သေခါနီးတွင် ဂတိနိမိတ်ကောင်းအောင် သေခါနီးလူနာတို့ကို ကယ်တင်ရန် ဘုရာရှင်က ဟောကြားထားတော်မူခဲ့ခြင်း ရှိသည်။
မဟာဝဂ္ဂသံယုတ်ပါဠိတော်တွင် ဘုရားရှင် ကပ္ပိလ၀တ်မြို့ နိဂြောဓာရုံကျောင်း၌ သီတင်း သုံးစဉ်အခါ မဟာနာမ်မင်းကြီးက တောင်းပန်လျောက်ထား၍ ပညာရှိသူသည် ပညာရှိသော အသည်းအသန် မကျန်းမမာနေသူကို အောက်ပါအတိုင်း ဆုံးမရမည်ဟု ဟောတော်မူသည်။
မကြောက်ပါနှင့်...သက်သက်သာသာနေပါ၊ သင့်မှာ ဘု၇ား၌ယုံကြည်သော သဒ္ဓါရှိ၏၊ သံဃာ၌ ယုံကြည်သော သဒ္ဒါရှိ၏။ ကိုယ်ကျင့်သီလည်းရှိ၏။ သင်သည် မိဘတို့၌ ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့် သူချည်းဖြစ်သည်။ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွတ်လိုက်ပါ၊ ကောင်းပါပြီ၊ စွန့်လွတ်ပြီဆိုအံ့၊ သင်သည် သားမယားတို့၌ ငဲ့ညာ နေသလား၊ ငဲ့ညှာပါသည်ဆိုလျင် သင်သည် ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့်သူချည်းသတည်း၊ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွှတ်လိုက်ပါ...။
ကောင်ပြီ...စွန့်လွှတ်လိုက်ပြိဆိုပါအံ့။ သင့်အား လူ့စည်းစိမ်၊ လူ့ကာမဂုဏ်၌ ခုံမင်တက်မက်ခြင်း ရှိပါသလား၊ ရှိပါ၏ဆိုလျင် သင်သည် လူ့ကာမဂုဉ်ထက် နတ်ကာမဂုဏ်က လွန်ကဲမွန်မြတ်၏။ နတ်တို့သည် လူတို့လို ပဋိသန္ဓေမနေရဘဲ နတ်သမီး ၁၆ နှစ်ရွယ်၊ နတ်သား ၂၀ ရွယ်အလိုလိုဖြစ်၇၏။ နတ်သက်တမ်းအတိုင်း မညိုးသောပန်း ပန်ပြီးဖြစ်၏။ နတ်သက်တမ်းအတိုင်း မဟောင်းမနွမ်းသော အ၀တ်တန်ဆာရှိ၏။ ဘယ်အခါမှ ချွေးအညစ်အကြေးမရှိ၍ စင်ကြယ်သန့်ရှင်း၏၊ ဆံဖြူသွားကျိုး ပါးရေတွန့်ခြင်းမရှိ၍ အမြဲတမ်းလှ၏၊ ပျင်းသည်မရှိ၍် ပျော်မွေ့လှ၏။ သားသမီးမမွေးဖွားရ၊ ချမ်းသာလှ၏။ တစ်နေ့အတွက် သဖန်းသီအရွယ် နတ်သုဓာဖြင့် စားဖွယ် ကိစ္စ နည်းပါးချမ်းသာလှ၏။
လူ့ကာမဂုဏ်နှင့် နတ်ကာမဂုဏ်သည် သမန်မြက်ဖျား၌ ကပ်နေသော ရေပေါက်နှင့် သမုဒ္ဒရာရှိရေလောက် ကွာဝေးလှ၏။ သင့်အား တောင်းပန်ပါရစေ၊ လူ့ဘုံလူ့ကာမဂုဏ်ကို လွှတ်ရန် နတ်ဘုံနတ်ကာမဂုဏ်၌ ညွှတ်လိုက်ပါ။နတ်ဘုံ နတ်ကာမဂုဏ်ကို ညွှတ်လိုက်ပါပြီဆိုအံ့ ထို့နောက် စတုမဟာရာဇ်နတ်ထက် တာဝတိံသာ ၊ တာဝတိံသာထက် ယာမာ၊ သုတိသာ နိမ္မာနရတိ၊ ပရနိမ္မိတ ၀ဿဝတီထိအောင် တစ်ဘုံထက်တစ်ဘုံ ကောင်းကြောင်း နှစ်သိမ့်သွေးဆောင်ရမည်။
ထို့နောက် နတ်ဘုံထက် ဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှာ ထိုဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှ ထို ဗြဟ္မာဘ၀ ဟာလည်းမမြဲဘူး၊ မခိုင်မာဘူး၊ မမြဲသေး မခိုင်မာသေးသော ခန္ဒ္ဓာငါးပါးအပါအ၀င် ဖြစ်နေပြန်ပြီ။ တောင်းပန်ပါ၇စေ၊ သင်သည် မြဲတဲ့ခိုင်တဲ့ ဒီခန္ဓာငါးပါးချုပ်ငြိမ်းရတဲ့ နိဗ္ဗာန်သို့သာ စိတ်ညွတ်လိုက်ပါဟု ပြောဆို နှစ်သိမ့် သက်သာရန် ကယ်တင်ရမည်။
ထီလာစိုးမြင့်ထယ် (၂၅) ဖေဖော်ဝါရီလ ၂၀၀၉ ခုနှစ် မနောမယဂျာနယ် မှကူးယူဖော်ပြပါသည်။

သံဃာ့ဂုဏ်တော်ကိုးပါး


၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမ အပ်သော အဆုံးအမတော်များကို ကောင်းမွန်စွာ ကျင့်ကြံတော်မူ သည်ဟု အဓိပ္ပာယ်ရပါသည်။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် သူတစ်ပါး အထင်ကြီးအောင် ပစ္စည်း၊ လာဘ်နှင့် ဒကာ၊ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် အလွန်ကြီးမား များပြားသော သံသရာဝဋ္ဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် ဒကာ ဒကာမတို့၏ ရိုသေ သမှု ပြစုလှူဒါန်းမှုကို ထိုက်တန်အောင် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော
ဤစကားတို့သည် သံဃာ ဂုဏ်တော်တို့ကို ပြသော စကားမဟုတ်ဘဲ မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေတော်မူ လိုရင်းပင်ဖြစ်ပါသည်။
၅။ အာဟုနေယျော
အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကိုလည်း ခံယူထိုက်၏ ဟူသော အဓိပ္ပာယ်ရပါသည်။
၆။ ပါဟုနေယျော
ဧည့်သည် အဖို့ စီမံထားသော ပစ္စည်းကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၇။ ဒက္ခိဏေယျော
မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းနှင့် သေလွန်သူ မိဘ ဆွေမျိုးများအတွက် ရည်စူးလှူဒါန်းသော အလှူကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၈။ အဉ္ဇလိကရဏီယျော
အရိယာ သံဃာတော်တို့သည် တစ်လောကလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကြည်လင်ရွင်ပျ မြတ်နိုးလှစွာ လက်စုံမိုး၍ ရှိခိုးမှုကိုလည်း ခံယူတော်မူထိုက်ပေသည်ဟု အဓိပ္ပာယ်ရပါသည်။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
အရိယာ သံဃာတော်တို့သည် ကုသိုလ်ကောင်းမှုတည်းဟူသော ကောင်းမှု မျိုးစေ့ကို ကြဲချ စိုက်ပျိုးရန် မြတ်သော လယ်ယာမြေကောင်းနှင့် တူတော်မူပေသည်ဟု အဓိပ္ပာယ်ရပါသည်။

တရားဂုဏ်တော်ခြောက်ပါး


၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော
ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။
၂။ သန္ဒိဋ္ဌိကော
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
၃။ အကာလိကော
အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။
၎။ ဧဟိပဿိကော
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
၅။ သြပနေယျိကော
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။

ဘုရားဂုဏ်တော်ကိုးပါး


၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…

၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။

သင်္ခါရသုံးမျိုး အကျိုးပေးအတူတူ



အ၀ိဇ္ဇာသည် ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးဘူး၊ သမုဒယသစ္စာလဲ သူမသိဘူး။ သမုဒယသစ္စာလဲ သူမသိတော့ တဏှာ ဥပါဒါန်နဲ့ ဆုအတောင်းခိုင်းတယ်။ ဆုတောင်းတော့ ဒုတိယဘ၀ ရလာတယ်။ ဒုက္ခသစ္စာရလိုက်တာပဲ။ ပြီးတော့ နိရောဓသစ္စာလဲ သူမသိဘူး။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို နိရောဓသစ္စာ ထင်နေတာ။ စင်စစ်က ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ မဂ္ဂသစ္စာလဲ သူမသိဘူးတဲ့။ မဂ္ဂသစ္စာမသိတော့ ဘုံဘ၀ရောက်ကြောင်း ကုသိုလ်သင်္ခါရကို ချမ်းသာသုခရကြောင်း အစစ်ထင်ပြီးလုပ်တော့ ဘုံဘ၀ ဒုက္ခသစ္စာပဲ ပြန်ရနေတယ်။ ဒါဖြင့် အ၀ိဇ္ဇာသည် သစ္စာလေးပါးလုံးကို မသိတာပဲလို့ မှတ်လိုက်။ အ၀ိဇ္ဇာက သစ္စာလေးပါးမသိတော့ ဒုက္ခသစ္စာချည်း ပြန်ရနေတယ်။
သစ္စာမသိတဲ့ အ၀ိဇ္ဇာက ဦးဆောင်ပြီး သားရေး သမီးရေး စီးပွားရေးကြောင့် မုဆိုး တံငါလုပ်၊ လိမ်လည်ကောက်ကျစ် အသက်မွေးကြမယ်ဆိုရင် အပုညာဘိသင်္ခါရာ။ အပုည-က အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်က ပြုပြင်တော့ စုတေမနေ သေလွန်တဲ့အခါ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ်။ ကုသိုလ်လုပ်တော့လဲ လူနတ်ဗြဟ္မာခန္ဓာငါးပါး၊ ပုညာဘိသင်္ခါရာ၊ ဒုက္ခသစ္စာပဲ။ အကုသိုလ်လုပ်တော့လဲ အပါယ်ခန္ဓာငါးပါး၊ ဒုက္ခသစ္စာပဲ။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာက `ကျောင်းဒကာ ဘုရားဒကာနဲ့ နွားသတ်သမား အတူတူပဲ´တဲ့။ ကျောင်းဒကာလဲ အ၀ိဇ္ဇာနဲ့ နောက်ဘ၀လိုချင်စိတ်နဲ့ ကုသိုလ်လုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ နွားသတ်သမားလဲ အ၀ိဇ္ဇာနဲ့ အကုသိုလ်သင်္ခါရလုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ သစ္စာမှာ သွားပြီး တူနေတာ။
သို့သော် သစ္စာအနေနဲ့တော့ မထူးပါဘူးတဲ့။ ကျောင်းဒကာ ဘုရားဒကာက လူနတ်ဗြဟ္မာ သုဂတိ ဒုက္ခသစ္စာ။ နွားသတ်သမားကတော့ အပါယ်လေးပါး ဒုဂ္ဂတိ ဒုက္ခသစ္စာ။ ဒီလိုတော့ မိုးနဲ့ မြေလို ကွာခြားပါတယ်။ သစ္စာအနေနဲ့တော့ အတူတူပါပဲ။ သစ္စာမှာတူပေမယ့် သုဂတိ ဒုဂ္ဂတိခွဲလိုက်ဦး။ သစ္စာမှာတော့ တူတယ်၊ သုဂတိ ဒုဂ္ဂတိမှာတော့ မတူဘူး။ သို့သော် ဒုက္ခသစ္စာသာရမယ်ဆိုရင်တော့ ဘယ်ဟာမှ မကောင်းဘူး။ သုဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိသလို ဒုဂ္ဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိဘူး။ ဒုက္ခသစ္စာချင်းအတူတူ ဘယ်ဒုက္ခမှ မကြိုက်နဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာနဲ့ပြောရမယ်ဆိုရင်`ပွေးကိုင်းစားပြီး ၀မ်းလျှော သေချင်သလား၊ သရက်သီးမျိုးကောင်းတွေ စားပြီး ၀မ်းလျှောသေချင်သလား၊ ဘယ်ဟာနဲ့ လျှောသေချင်သတုံး၊ ၀မ်းလျှော သေတာကတော့ အတူတူပဲ´။ လူ့ခန္ဓာလဲ ဒုက္ခသစ္စာ၊ တိရစ္ဆာန်ခန္ဓာလဲ ဒုက္ခသစ္စာ၊ သုဂတိဝမ်းလျှောချင်လား၊ ဒုဂ္ဂတိဝမ်းလျှောချင်သလား။ မလျှောချင်ပါဘူးဆိုရင်တော့ ပြင်လို့ရပါတယ်တဲ့။
လူ့ဘ၀ တိရစ္ဆာန်ဘ၀ ဒုက္ခသစ္စာချင်း ဘာလို့လာတူနေရတာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရ- အကြောင်းက တူနေတယ်။ အကြောင်းတူတော့ အကျိုးသစ္စာကလဲ တူပေးရတယ်။ ဒီအ၀ိဇ္ဇာ သင်္ခါရ အကြောင်းနှစ်ခုကို နားမလည်တော့ အချို့ဘာသာတွေမှာ ထာဝရဘုရားက ဖန်ဆင်းတယ်တဲ့။ တကယ်တော့ မသိလို့ ကုသိုလ်လုပ်တော့ သုဂတိခန္ဓာရတယ်။ မသိလို့ အကုသိုလ်လုပ်တော့ ဒုဂ္ဂတိခန္ဓာရတယ်။ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အ၀ိဇ္ဇာ သင်္ခါရချည်းပဲလို့သာ မှတ်ထားလိုက်။ အ၀ိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် သင်္ခါရပြုတာပဲ။ အ၀ိဇ္ဇာက (၂)အကွက်မှာ ဒုက္ခသစ္စာလာရမှာကို မသိဘူး။ မသိတော့ ကုသိုလ်တွေပြု။ လူ့ဘ၀ နတ်ဘ၀ ဒုက္ခသစ္စာလို့သူမသိဘူး။ မသိတဲ့အတိုင်း ဒီဘုံဘ၀တွေ တောင့်တ ကုသိုလ်တွေ ပြုတော့ ပြုတဲ့အတိုင်း ရ ထားတာပဲ။ ငါလုပ်လို့ ဘာမှ အပြစ်မရှိဘူးလို့ခံယူပြီး ဒုက္ခသစ္စာမသိတာနဲ့ အကုသိုလ်တွေလုပ်တော့ (၂)အကွက်ထဲမှာ အပါယ်လေးပါး ခန္ဓာ ဒုဂ္ဂတိဒုက္ခသစ္စာ လာပေါ်ရတယ်။ မသိလို့ လုပ်တာဟူသမျှ ဒုက္ခသစ္စာအကျိုးပဲပေးတယ်။ ကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်၊ အကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်ဆိုတော့ အကုသိုလ်မှ ကြောက်စရာကောင်းတာမဟုတ်ဘူး၊ ကုသိုလ်လဲ ကြောက်စရာကုသိုလ်ရှိသေးတယ်တဲ့။
ဒီကုသိုလ် အကုသိုလ်တွေအပြင် ဈာန်သမာပတ်တွေ အားထုတ်တဲ့ကုသိုလ်တွေလဲ ရှိသေးတယ်။ ဈာန်ကုသိုလ်တွေလုပ်တော့ (၂)အကွက်မှာ ဗြဟ္မာခန္ဓာငါးပါးလာပေါ်တယ်။ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပဲ။ ဒီတော့ ဈာန်လမ်းဟာလဲ ဒုက္ခသစ္စာပဲလို့ သဘောကျ။ မသိရင်တော့ ဗြဟ္မာတွေ အလွန်ချမ်းသာတယ်ထင်နေမှာပဲ။ အကျိုးပေးတော့ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာပဲ။ ဒါကြောင့် အ၀ိဇ္ဇာပစ္စယာ အာနဉ္ဇာဘိသင်္ခါရာ ဆိုပြီး ဟောရပြန်တယ်။ ဒါကြောင့် လှူတော့ တန်းတော့မယ် ကုသိုလ်ပြုတော့မယ်ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးက `မလှူပါနဲ့ဦး၊ သိပြီးမှ လှူပါ´ လို့မိန့်တော်မူတာ။ ဘာသိပြီးမှ လှူရမှာလဲဆိုရင် သစ္စာသိပြီးမှ လှူရမှာပါ။ ဒုက္ခသစ္စာမှ ကျွတ်လိုလို့ လှူဒါန်းပါတယ်ဆိုတော့ နိဗ္ဗာန်အကျိုးပေးတယ်။ ဒုတိယအကွက်မလာတော့ဘူး။ ကုသိုလ်လုပ်စဉ် ဒုက္ခသစ္စာကို သိပြီးမှလုပ်မယ်ဆိုရင် ဒုက္ခသစ္စာမှ ကျွတ်လို လွတ်လိုလို့ လှူဒါန်းပါတယ်ဆိုရင် ဒုတိယအကွက် ဒုက္ခသစ္စာ မလာတော့ဘူး။ လှူကတည်းက ဒုက္ခသစ္စာကြောက်ပြီးလှူတာဖြစ်တော့ ဒုက္ခသစ္စာ သူမရတော့ဘူး။ ဒုက္ခသစ္စာ မရလို့ရှိရင် သုခသစ္စာကိုသာ ရတော့မယ်။ သုခသစ္စာဆိုတာ နိရောဓသစ္စာကိုပြောတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါပဲ။
ဒေါက်တာအရှင်ပါရမီ

ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး



အခုလက်ရှိဘ၀ကို ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါးနဲ့ ကိုယ်စားပြုတယ်။ စက်ဝိုင်း နံပါတ်(၂)အကွက်မှာရှိတဲ့ တရားငါးပါး- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ခန္ဓာငါးပါးပါပဲ။ ပဋိသန္ဓေ၀ိညာဏ်ကတော့ ပြီးခဲ့ပြီ။ အခုနေနေရတာက ပ၀တ္တိဝိညာဏ်နဲ့နေနေရတာ။ နာမ်ရုပ်တွေကတော့ သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာက နာမ်၊ စားတာက ရုပ်။ အိပ်ချင်တာက နာမ်၊ အိပ်တာကရုပ်- စသည်ဖြင့် ခွဲခြားသိထားလိုက်ပါ။ အခုလက်ရှိခန္ဓာထဲမှာ နာမ်ရုပ်တွေပဲ ရှိနေတယ်။ သဠာယတနဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်။ အာရုံတွေ တွေ့ထိတာက ဖဿ။ အာရုံတွေကို ခံစားတာက ဝေဒနာ။ အခု ဘာတွေနဲ့နေနေရတာလဲဆိုရင် ဒီ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေနဲ့နေနေရတာ။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ကိုယ့်ခန္ဓာထဲမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ်၊ ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ။ ဘယ်အခါရှုရှု ဖြစ်မှု ပျက်မှုတွေ့တာသည် ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒီခန္ဓာထဲမှာ ရှိတာမှန်သမျှကလဲ ဖြစ်မှု ပျက်မှုတွေပဲဆိုတော့ ဒုက္ခသစ္စာဆိုတာ ငြင်းဖို့မလိုတော့ဘူး။
ကိုယ့်သန္တာန်မှာရှိတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ သစ္စာအားဖြင့် ဒုက္ခသစ္စာ။ ဒါဖြင့် လူ့ဘ၀ကြီးက ဒုက္ခသစ္စာကြီးပဲ။ ဘာသစ္စာနဲ့ နေနေကြရသလဲဆိုရင် ဒုက္ခသစ္စာနဲ့ နေနေကြရတာ။ ဘာဒုက္ခသစ္စာလဲဆိုရင် ဖြစ်ပျက်ဒုက္ခသစ္စာ။ သြော်- လူ့ဘ၀ရတာဟာ ဒုက္ခသစ္စာကြီးရတာပဲ။ သာမညအနေနဲ့သာ လူ့ချမ်းသာလို့ပြောနေကြတာ၊ တကယ်တော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးပါပဲ။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုတော့ ဟောဒီ (၂)အကွက်ထဲက ဒုက္ခသစ္စာ အဖန်ဖန်ကြုံတွေ့ရပါလို၏ ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ဒီလိုဆိုတော့ ကုသိုလ်ပြုပြီး ဒီလိုသာဆုတောင်းရင် (၂)နံပါတ် ဒုက္ခသစ္စာချောက်ထဲ ကျဖို့ပဲရှိတော့တယ်။ အခုလက်ရှိမှာပဲ ဒီချောက်ထဲကျနေပြီ။ ဘာလို့ ဒီချောက်ထဲ ကျရပါလိမ့်မလဲဆိုတော့ (၁)နံပါတ်ကို ပြန်ကြည့်။ အ၀ိဇ္ဇာက ဒုက္ခသစ္စာကိုမသိဘူး။ ဘ၀ဟာ ဒုက္ခသစ္စာလို့ သူကမသိဘူး။ မသိတော့ ဘုံဘ၀လိုချင်တဲ့ တဏှာနဲ့ ကုသိုလ်သင်္ခါရတွေ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတော့ ဒီ (၂)နံပါတ်အကွက်ထဲ ပြန်ရောက်ရတယ်။ အ၀ိဇ္ဇာက မသိလို့ သင်္ခါရဆိုတဲ့ ကုသိုလ်တွေလုပ်၊ လူ့ဘ၀ နတ်ဘ၀ တဏှာနဲ့ တောင့်တ၊ ဥပါဒါန်နဲ့စွဲလမ်း၊ ကာယကံ ၀စီကံနဲ့ အားထုတ်တော့ သေသည်၏အခြားမဲ့၌ (၁)နဲ့ (၂)စပ်သွားတယ်။ ဘာသစ္စာရလိုက်လဲဆိုတော့ ဒုက္ခသစ္စာကြီး ရလိုက်တာ။
အ၀ိဇ္ဇာက မသိတာ၊ သင်္ခါရက ကုသိုလ်တွေလုပ်တာ။ သြော်- မသိတဲ့ပုဂ္ဂိုလ်ကုသိုလ်လုပ်တာ ရလိုက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရလိုက်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ။ ဆက်သွားပြီ။ မသိတာက အ၀ိဇ္ဇာ၊ ဘုံဘ၀တောင့်တ ကုသိုလ်လုပ်တာက သင်္ခါရ။ အ၀ိဇ္ဇာနဲ့ သင်္ခါရကြောင့် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာရတာ။ ဒုက္ခသစ္စာမသိလို့ ဒုက္ခသစ္စာရကြောင်း ကုသိုလ်တွေလုပ်တယ်။ လုပ်ခြင်းကြောင့် သေသည်၏အခြားမဲ့၌ ဟောဒီခန္ဓာငါးပါးပြန်ရတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဘယ်ကာလမှာလဲဆိုရင် ပစ္စုပ္ပန်အကျိုးတစ်လွှာဆိုတော့ ပစ္စုပ္ပန်ကာလ။ အိုနာသေဘေးတွေက မလွတ်နိုင်တာ၊ ဖြစ်ပျက်ဘေးတွေက မလွတ်နိုင်တာ ဘာကြောင့်လဲဆိုတော့ ဒုက္ခသစ္စာနဲ့ အတူနေနေရလို့။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုလုပ်လိုက်တာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရက ပြုလုပ်လိုက်တာ။ သိကြား ဗြဟ္မာ ဘုရားလာဖန်းဆင်းထားတဲ့ ခန္ဓာကြီးမဟုတ်ဘူး။
အ၀ိဇ္ဇာက ဒုက္ခသစ္စာမသိတာ၊ မသိတော့ သင်္ခါရက ဒါနကုသိုလ်ပြုလုပ်တယ်။ ဒါကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်။ ပုညဆိုတာ ကုသိုလ်ပါပဲ၊ ဒါပေမယ့် သင်္ခါရ- ပြုပြင်လိမ့်မယ်-တဲ့။ ဘာပြုပြင်မှာာလဲဆိုတော့ ဒုက္ခသစ္စာကို ပြုပြင်မှာ။ ပြုပြင်တော့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒီတရာငါးပါး ရလာတာ။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ အကြောင်းရှာတော့ အ၀ိဇ္ဇာ သင်္ခါရပဲ တွေ့ရတယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာစီမံသလို သင်္ခါရက ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးထဲမှာ ဇာတိလဲ ပါတယ်။ ဇရာ ဗျာဓိ မရဏတွေလဲ ပါတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်တာ။
ဒေါက်တာအရှင်ပါရမီ
 

Lorem ipsum

Lorem ipsum dolor sit amet, consectetuer adipiscing elit. Donec libero. Suspendisse bibendum. Cras id urna. Morbi tincidunt, orci ac convallis aliquam, lectus turpis varius lorem, eu posuere nunc justo tempus leo. Donec mattis, purus nec placerat bibendum, dui pede condimentum odio, ac blandit ante orci ut diam.

Images Gallery

pix pix pix pix pix pix