သံဃာ့ဂုဏ်တော်ကိုးပါး


၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမ အပ်သော အဆုံးအမတော်များကို ကောင်းမွန်စွာ ကျင့်ကြံတော်မူ သည်ဟု အဓိပ္ပာယ်ရပါသည်။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် သူတစ်ပါး အထင်ကြီးအောင် ပစ္စည်း၊ လာဘ်နှင့် ဒကာ၊ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် အလွန်ကြီးမား များပြားသော သံသရာဝဋ္ဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် ဒကာ ဒကာမတို့၏ ရိုသေ သမှု ပြစုလှူဒါန်းမှုကို ထိုက်တန်အောင် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော
ဤစကားတို့သည် သံဃာ ဂုဏ်တော်တို့ကို ပြသော စကားမဟုတ်ဘဲ မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေတော်မူ လိုရင်းပင်ဖြစ်ပါသည်။
၅။ အာဟုနေယျော
အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကိုလည်း ခံယူထိုက်၏ ဟူသော အဓိပ္ပာယ်ရပါသည်။
၆။ ပါဟုနေယျော
ဧည့်သည် အဖို့ စီမံထားသော ပစ္စည်းကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၇။ ဒက္ခိဏေယျော
မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းနှင့် သေလွန်သူ မိဘ ဆွေမျိုးများအတွက် ရည်စူးလှူဒါန်းသော အလှူကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၈။ အဉ္ဇလိကရဏီယျော
အရိယာ သံဃာတော်တို့သည် တစ်လောကလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကြည်လင်ရွင်ပျ မြတ်နိုးလှစွာ လက်စုံမိုး၍ ရှိခိုးမှုကိုလည်း ခံယူတော်မူထိုက်ပေသည်ဟု အဓိပ္ပာယ်ရပါသည်။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
အရိယာ သံဃာတော်တို့သည် ကုသိုလ်ကောင်းမှုတည်းဟူသော ကောင်းမှု မျိုးစေ့ကို ကြဲချ စိုက်ပျိုးရန် မြတ်သော လယ်ယာမြေကောင်းနှင့် တူတော်မူပေသည်ဟု အဓိပ္ပာယ်ရပါသည်။

0 comments:

Post a Comment